Pages

Wednesday, September 23, 2009

၁၀ - နှစ်အရွယ် အနှိုင်းမဲ့အကြောင်း

သိတတ်စအရွယ်ကအနှိုင်းမဲ့ အကြောင်းကိုပြောပြချင်တယ်...

နှိုင်း (၄) တန်း (၅)တန်းနှစ်လောက်တုန်းက ဇတ်လမ်းလေးတစ်ပုဒ် ရုပ်သံမှာကြည့်လိုက်ရတယ်..

အနှိုင်းမဲ့ဆိုတဲ့ဇတ်ကားလေးပါ..အဲဒီတုန်းက အိမ်မှာကလဲ ရုပ်သံစက်ကိုဝယ်ထားခါစဆိုတော့

ဘယ်ပြောကောင်းမလဲကျောင်းကပြန်ရောက်ပြီဆိုတာနဲ့ အဲဒီ TV ရှေ့မှာ..

နှိုင်းအတွက် ဖေဖေ ရိုက်ပေးထားတဲ့ သစ်သားခုံသေးသေးလေးကိုဆွဲယူထိုင်ပြီး

လာသမျှအစီစဉ်အကုန်ထိုင်ကြည့်တော့တာပဲ...သတင်းတောင်မလွတ်တမ်းကြည့်တယ်..

အနှိုင်းမဲ့လို့ နာမည်တွင်ပုံလေးကိုလဲပြောပြချင်တယ်..


နှိုင်းတို့ အိမ်နားလေးမှာက စိန်ဝင်းနေကြာစေ့ စက်ရုံကပိုင်တဲ့..

နေကြာလှန်းတဲ့ ခြံတွေရှိတယ်..ကျောင်းသွားရင် အဲဒီခြံဘေးကနေ ဖြတ်သွားရတာ..

အဲဒီချိန်တုန်းက အနှိုင်းမဲ့ ဆိုတဲ့ ရုပ်သံဇတ်လမ်းလေးကခေတ်စားတယ်......

အဲဒီသီချင်းလေးကိုလဲ ပါးစပ်ဖျားမှာအမြဲလိုလို ငြီးဆိုနေမိတာဆိုတော့

အဲဒီခြံထဲမှာနေကြာလှန်းတဲ့ လူတွေအကုန်လုံးက

အနှိုင်းမဲ့ သီချင်းကိုဆိုတဲ့ကလေးလေးလို့ပဲသိထားကြတာ...

သူတို့က နှိုင်း နာမည်ရင်းကိုမသိကြဘူးလေ..။

ကျောင်းပိတ်ရက်ဆိုရင် သူတို့က နှိုင်း ကို ခေါ်ခေါ်ပြီး သီချင်းဆိုပြခိုင်းတယ်..

ပြီးတော့ သူတို့ဆီကနေကြာစေ့တွေကိုကျွေးတယ်..အပြန်လှန်ပေါ့။

အဲဒီမှာတင် သူငယ်ချင်းတွေကပါ
အနှိုင်းမဲ့.......ဆိုပြီးခေါ် ဖြစ်သွားကြတယ် ဆိုပါတော့....ဆိုပါတော့..............

အဲဒီတုန်းက TV ဆိုတာ အခုလိုမျိုး အိမ်တွေတိုင်းမှာမရှိကြဘူး...

နှိုင်းတို့ရက်ကွက်ထဲမှာတော့ နှိုင်းတို့အိမ်တစ်အိမ်လားပဲ TV စ၀ယ်ဖြစ်တယ်ထင်တယ်...

အိမ်နီးနားခြင်းတွေက ညဆိုရင် လာလာကြည့်ပြီ...အိမ်မှာလူရှုပ်ရင် နှိုင်းကပျော်နေတာလေ...

ကိုယ့် TV အသစ်ကလေးဆိုတော့ ပဲများတာပေါ့ သူတို့ရှေ့မှာ.. :)

စာလဲမကျက်ရဘူးလေ...ပျော်တာပေါ့..

နှိုင်းဖေဖေကစစ်မှုထမ်းတစ်ယောက်ပါ..မေမေကအထည်ရောင်းတယ်...

နှိုင်းမှာက မမတစ်ယောက်ရှိတယ်။

အိမ်မှာနှိုင်းကအငယ်ဆုံးပေါ့...နောက်ပြီး ဖက်တီးလို့ခေါ်တဲ့

နှိုင်းသိပ်ချစ်တဲ့ ခွေးလေးတစ်ကောင်ရှိတယ်။

သူက ၀၀တုတ်တုတ်လေးမလို့သူ့ကိုဖက်တီးလို့နာမည်ပေးထားတာလေ..

မှတ်မှတ်ရရ..ဖက်တီးလေးကိုသူများတွေခိုးသွားတဲ့နေ့တုန်းကဆိုရင်

နှိုင်းကချောင်လေး(ဂျောင်)ထဲမှာထိုင်ပြီးငိုနေတာ..

တစ်အိမ်လုံးလိုက်ရှာပေးကြတာလဲမတွေ့တော့ဘူး..

အိမ်ကနောက်တစ်ကောင်အစားထိုးပြန်ဝယ်ပေးတာတောင်မရဘူး...

အစွဲလမ်းလဲကြီး တတ်တယ်...ကြေကွဲဝမ်းနည်းစရာတစ်ခုခုနဲ့တွေ့ပြီဆိုရင်လဲ

ချောင်(ဂျောင်)ထဲမှာသွားသွားပြီးငိုတတ်တာလဲ အနှိုင်းမဲ့ရဲ့အကျင့်တစ်ခုပါပဲ....


အိမ်မှာ မနက်ဆိုရင် ဖေဖေကရုံးသွားတယ်..မေမေက လဲ မနက်အစောကြီးထပြီး ဈေးသွားတယ်..

အဲဒီတော့ မနက်ဆိုရင် နှိုင်းရယ် မမရယ်ပဲ အိမ်မှာကျန်ခဲ့တယ်..

နှိုင်း ကျောင်းသွားဖို့ မမ ကပဲအားလုံးလုပ်ပေးရတယ်..

မေမေက မနက်သူဈေးမသွားမီ ညကထဲက နှိုင်းကျောင်းသွားဖို့အတွက်

အဖြူနဲ့အစိမ်းကို တစ်ခါထဲအဆင်သင့်ထုတ်ပေးထားတတ်တယ်။

နှိုင်း မှာကျောင်းတက်ဖို့ BMX လေးတစ်စီးလဲရှိတယ်....

အဲဒီတုန်းက နှိုင်းက (၅)တန်း..မမက (၉)တန်း..

ကျောင်းမှာတော့ နှိုင်း မမ ကအချောဆုံးလေ..

သူ့ကိုကြိုက်တဲ့ ကောင်လေးတွေဆိုတာလဲအများကြီးပေါ့

အများကြီးဆိုတော့လဲ သိတဲ့အတိုင်းပဲလေ..နှိုင်းက နှိုင်းမမရဲ့အနားကိုဘယ်သူကိုမှအကပ်မခံဘူး။

စာသင်ရတဲ့အချိန်တွေလောက်ပဲ နှိုင်းကမမအနားမှာမရှိတာ...ကျန်တဲ့အချိန်တွေမှာက

မမရဲ့စာသင်ခန်းထဲမှာရောက်နေတာများတယ်...

အဲဒီတုန်းကကလေးပီပီဆော့လို့ကောင်းတဲ့အရွယ်ဆိုပေမယ့်...

မမ နားမှာပဲသွားသွားကပ်နေတာ...ညနေကျောင်းဆင်းလို့ အိမ်ပြန်လမ်းမှာဆိုရင်လဲ

မမနောက်လိုက်လာတဲ့လူတွေကိုနှိုင်းရဲ့ BMX စက်ဘီးလေးနဲ့တိုက်လွှတ်တာ....

(ရယ်စရာလေးတစ်ခုပြောပြအုံးမယ်)..

နှိုင်းရဲ့ BMXဘီးလေးကလေ ချိန်းကြိုးခဏခဏပြုတ်ကျတတ်တယ်..

သူကမြန်မြန်နင်းလို့မရဘူး..မမနောက်ကိုလိုက်တဲ့ကောင်လေးတွေကို

စက်ဘီးနဲ့တိုက်ချင်ဇောနဲ့မြန်မြန်နင်းလေလေ..ချိန်းကြိုးကကျလေလေဆိုတော့

သူတို့နားကိုမရောက်နိုင်လေ....စိတ်တွေကတို..ငိုကငိုနဲ့

အိမ်ရောက်တော့မေမေတို့ဖေဖေတို့နဲ့ပြန်တိုင်..မမကိုလဲစိတ်ကောက်နဲ့

နှိုင်းကတစ်အိမ်လုံးရဲ့ဆည်းလည်းလေးဖြစ်နေတာပေါ့..

နှိုင်းတို့မိသားစုက ညပိုင်းမှ အားလုံးပြန်ဆုံကြရတာလေ..

ညရောက်ပြီဆိုရင် မိသားစုထမင်းလက်ဆုံစားပြီးတာနဲ့

ဖေဖေက မမ ကိုစာသင်ပေးလေ့ရှိတယ်..

နှိုင်းကတော့ ဘိုးဘိုး နဲ့ဆော့တယ်..အိပ်ခံနီးဆိုရင် ဘိုးဘိုးကိုပုံပြောပြခိုင်းတယ်...

ပုံပြောပြခိုင်းတာတောင် ဒီတိုင်းမဟုတ်ဘူးနော်..

နားထောင်နေရင်းနဲ့ ကျောလေးကို ပွတ်ခိုင်းသေးတာ..အဲဒီလိုမှ နှိုင်းကအိပ်တာ.. နှိုင်းအိပ်ပျော်သွားပြီဆိုရင်

ဖေဖေ ကလာချီပြီးအိပ်ယာပေါ်ကိုရွေ့ပေးတယ်..

လသာတဲ့ညတွေဆိုရင်တော့..

အိမ်ရှေ့ကုလားထိုင်မှာမေမေ့ပေါင်ပေါ်ကို မမနဲ့အတူတူ အတင်းတိုးဝှေ့တက်ထိုင်ပြီး

မေမေဆိုပြနေကျသီချင်းလေးတစ်ပုဒ်ရှိတယ်။

တစ်ကျော့နှစ်ကျော့တေးကိုသီ
ဆိုတဲ့သီချင်းလေးပေါ့...

မေမေဆိုပြမှအဲဒီသီချင်းလေးကို နှိုင်းစပြီးကြားဖူးတာ

မမ နဲ့နေရာလု (ပြီးရင်) မေမေ့ပါးလေးကို အနမ်းလေးတစ်ချက်ပေး...

မေမေ့ရင်ခွင်မှာပါးလေးကိုအပ်..မျက်လုံးလေးကိုမှိတ်ပြီး

အိပ်မက်လှလှမက်ခဲ့တဲ့အခါမျိုးတွေလဲ....

အနှိုင်းမဲ့မှာ..........ရှိခဲ့ဖူးပါတယ်..။

(အိမ်ကိုလွမ်းဆွတ်တမ်းတမိခြင်း
ဝေဒနာသက်သက်ဖြင့်သာရေးသားမိပါကြောင်း
မိသားစုနှင့်ဝေးကွာနေသူတိုင်းနားလည်ခံစားနိုင်ပါစေ..)

0 ယောက်မှတ်ချက်ပြု: