Pages

Monday, December 07, 2009

လွှင့်

လွှင့်

ဒီဇင်ဘာ...
နှင်းမြူတွေကြားမှာ
မှုန်ဝါးဝါးနဲ့ ငါရောက်လာခဲ့
ခွေကောက်တဲ့ဆံနွယ်
ညိုလဲ့လဲ့ မျက်ဝန်းရယ်..
မှုန်ကုတ်တဲ့ မျက်နှာမှာ
လောကဓံကပေးတဲ့ ဒဏ်ရာတွေနဲ့
အလှတရားတွေ ကွယ်ပျောက်ခဲ့တာကြာလှပေါ့...။

မွဲခြောက်ခြောက်အသားရေ
ပိန်လှီလှီ ခန္ဓာနဲ့....
အဒေါ်ဖြစ်သူ မှည့်သွင်တာက
“ဒေါင်တောင်” ပါတဲ့...။

ပေစုတ်စုတ်ဂျစ်တစ်တစ်
လောကကြီးကို မထီတရီပြူလို့
ဆိုးချင်တိုင်းဆိုး
ပေးချင်တိုင်းပေ
လေချင်တိုင်းလေခဲ့တယ်...
ဘယ်မှာလဲ ငါ့အတွက်လိုအပ်တဲ့အရာတွေ...။

ဟုတ်တယ်...
ငါ....
လေခဲ့တယ်..
ပေခဲ့တယ်...
တေခဲ့တယ်...
အဲဒါဘာဖြစ်လဲ...

ဟော....
ပြောရင်းဆိုရင်း
ဘာကိုအလိုမကျပြန်တာလဲ
ဒီလိုနဲ့ဆိုးခဲ့သွမ်းခဲ့
ရာသီတွေ တစ်ပတ်လည်ခဲ့ပေါ့
တစ်ခုသော.....
အဖြူရောင်ဒီဇင်ဘာမှာ
ဆက်သွယ်မှုကွန်ယက်တွေနဲ့
ငါ့ဘ၀ အသစ်ပြန်စစေခဲ့
မြို့ပြရဲ့ အယောင်အဆောင်တွေကြားမှာ
ငါနေသားကျပြီလား
ငါ...
ရင့်ကျက်ပြီလား...
ငါ....
လိမ္မာနေပြီလား...

ငါမသိပါ...
ငါသိတာ
ငါ့ရဲ့ကဗျာတွေ
ငါ့သံစဉ်တွေကြားမှာ..
ငါပျော်မွေ့ခဲ့.......

တခါတလေတော့လဲ ဗြောင်းဆန်
တခါတလေလဲ အကြောင်းမှန်
ESSE ရဲ့အငွေ့တွေနောက် ငါလိုက်သွားမိသလား
ချိုမြိန်တဲ့ဝိုင်တွေထဲ ငါပျော်ဝင်သွားသလား
သာယာတဲ့ သံစဉ်ထဲ ငါနစ်မျောသွားသလား
သေချာတာကတော့...
ငါ့ကဗျာတွေ...
ဘယ်တော့မှ ပြန်နှုတ်မရတော့တဲ့
ငါ့ ၀ိညာဉ်ထဲ...ကျွံဝင်သွားခဲ့ပြီ.....။ ( HNS )


သူငယ်ချင်း (တစ်ယောက်သော..သူ) ၏ ' အမှတ်တရ '


0 ယောက်မှတ်ချက်ပြု: